မြင်းခြံ ဇွန် ၃
မန္တလေးတိုင်းတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က မြင်းခြံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အခြေခံ ပညာကျောင်း ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းတို့မှ လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင်ချက်ချင်းကုသပေးနိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းဆေးထိုးစုရပ်ရှိ ဆရာ/ဆရာမများမှ စောင့်ကြပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)