ဇေယျာသီရိ ဇွန် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မှိုစိုက်ပျိုးမွေးမြူနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်(မ)ကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဥတ္တရခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဦးစိုးလင်းမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး၊ ဦးမျိုးဇော်က မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွား စေရန်ရည်ရွယ်၍ ယခုလို အသက်မွေးဝမ်းကျောင်း အထောက်ကူပြုသင်တန်းများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းပြေကြားခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး၊ ဦးစိုးရွှေက သင်တန်းသားများအား သင်တန်းထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ် မွန်းနည်းခွင်(မ)ကျေးရွာမှ သင်တန်းသား (၂၀) ဦး တက်ရောက်သင်ကြားပြီး သင်တန်းနည်းပြ ဦးမျိုးမင်းထွန်းက ကောက်ရိုးမှို စိုက်ပျိုးမွေးမြူရေး နှင့် မှိုဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို စာတွေ့လက်တွေ့ ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့ထိ ၁၅ ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)