တံတားဦးမြို့နယ်တွင် ချည်မျှင်ရှည်ဝါမျိုးစေ့၊ မိုးစပါးမျိုးစေ့နှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်

တံတားဦး ဇွန် ၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ချည်မျှင်ဝါမျိုးစေ့၊ မိုးစပါးမျိုးစေ့နှင့် နေကြာမျိုးစေ့များကို တောင်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့အစည်းအဝေး၌ ကျင်းပကြောင်းသိရသည်။

မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် မိုးစပါးအထွက်နှုန်းကောင်းမွန်ရေး၊ ဆီထွက်သီးနှံတစ်ခုဖြစ်သော နေကြာကိုတိုးချဲ့စိုက်ရေးတို့ကိုပြောကြားပြီး၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးစိုးနိုင်က တောင်သူများအနေဖြင့် မျိုးစေ့များကို စနစ်နည်းစနစ်မှန်ကန်ရေး၊ သွင်းအားစုများကို မှန်ကန်စွာသုံးစွဲရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးနှင့် ပင်ခြားတန်ခြားစနစ်ဖြင့် စိုက်ပျိုးရေးတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မျိုးစေ့များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက တောင်သူများအားမျိုးစေ့များကိုထောက်ပံ့ပေးအပ်ကြသည်။ တံတားဦးမြို့နယ်အနေဖြင့် မိုးစပါးဧက(၁၄၅၇၅) လျာထားပြီးတစ်ဧက တင်း(၁၀၀)ထွက်ရှိရေးအတွက် ပြူကန်ကျေးရွာ ဧက(၅၀)အား စံပြကွက်အဖြစ်လည်းကောင်း၊ ဝါအနေဖြင့်ဧက(၄၁၂၅) လျာထားပြီး ဝါအထူးဇုန်အတွက် (၃၅၀)ဧကနှင့် ဝါမျိုးစေ့ထုတ်ဧက(၁၁၅) ၊ နေကာအနေဖြင့် ဧက(၂၂၇၈၇)လျာထားပြီး နေကြာမျိုးစေ့ထုတ်ရန်အတွက် ဧက(၂၀၀)ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တစ်မြို့နယ်လုံးအားဖြင့် သီးနှံမျိုးစုံစိုက်ပျိုးရန် ဧက(၂၆၀၃၆၉)လျာထားပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ညွန့်ထံမှသိရသည်။

ရဲတင့်