တာမွေ ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်ရှိ ကျောက်မြောင်းလမ်းတွင် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စျေးကားများဖြင့် (Mobile Market) ဖွင့်လှစ်၍ စျေးနှုန်းချိုသာစွာ ရပ်ကွက်များအတွင်း လိုက်လံ ရောင်းချပေးခဲ့ကြသည်။
အဆိုပါ တာမွေမြို့နယ်အတွင်း (Mobile Market) ဖွင့်လှစ်၍ ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးနေမှု အခြေအနေ များအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ (Mobile Market) ဖွင့်လှစ်၍ သက်သာသော စျေးနှုန်းများဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ရောင်းချပေးရာတွင် ဧည့်မထဆန် (၅)ပြည် တစ်အိတ်ကို ငွေကျပ် (၅၀၀၀/-)နှုန်းဖြင့် ဆန်အိတ်ပေါင်း (၆၀)အိတ်နှင့် ပေါ်ဆန်းမွှေးဆန် (၅)ပြည် တစ်အိတ်ကို ငွေကျပ် (၈၅၀၀/-) နှုန်းဖြင့် ဆန်အိတ်ပေါင်း (၄၅)အိတ်အား လည်းကောင်း၊ စားအုန်းဆီ (၅၀)ကျပ်သား (၁)ဘူးကို ငွေကျပ် (၂၇၀၀/-) နှုန်းဖြင့် ဆီဘူး(၁၅၀)ဘူးကိုလည်းကောင်း၊ ကြက်ဥ (၁၀)လုံပါ တစ်ကတ်လျှင် ငွေကျပ် (၁၇၀၀/-)နှုန်းဖြင့် ကြက်ဥကတ်ပေါင်း (၆၀)ကတ်ကိုလည်းကောင်း ဒေသခံပြည်သူများကို အသီးသီး ရောင်းချပေးခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ တစ်ခဲနက် လာရောက် ဝယ်ယူလျက် ရှိကြောင်း သိရသည်။
ယခုလို ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား သက်သာသော စျေးနှုန်းများဖြင့် အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း "စျေးကိုသွားဖို့ မလိုတဲ့အတွက် အချိန်ကုန်လည်း သက်သာတဲ့အပြင် ရောင်းချတဲ့ စျေးနှုန်းတွေကလည်း အရမ်းကိုသက်သာမှုရှိပြီး သန့်ရှင်းလတ်ဆတ်မှုလည်းရှိတော့ ကျွန်မတို့ ပြည်သူတွေအတွက် အရမ်းကို အဆင်ပြေမှုရှိပါတယ်။ နောင်လည်း အခုလို လာရောက်ရောင်းချ ပေးစေချင်ပါတယ် " ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်