ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ကြာအင်းဆိပ်ကြီး ဇွန် ၃

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအား နိုင်ငံတစ်ဝန်းလုံး၌ ဇွန်လ (၂)ရက်နေ့မှ စတင်၍ဖွင့်လှစ်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများအား မေလ(၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ငွေကြေးကောက်ခံမှုမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်များ၊ ဗာလာစာအုပ်များနှင့် စာရေးကိရိယာများအား အတန်းများအားလုံး အခမဲ့ထောက်ပံ့၍ ကျောင်းအပ်လက်ခံခဲ့ပြီး မေလ(၂၉)ရက်နေ့၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများအား ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်၍ဖွင့်လှစ်ပြီး အေးချမ်းစွာပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းများဖြစ်သည့် အထက်တန်းကျောင်း (၁၃)ကျောင်း အထက်တန်း(ခွဲ) (၂၂) ကျောင်း၊ အလယ်တန်း(၁၃)ကျောင်း၊ အလယ်တန်း(ခွဲ)(၂၀)ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၉)ကျောင်း၊ မူလတန်း(၁၅၈)ကျောင်း၊ မူလတန်း(ခွဲ) (၃၃) ကျောင်း၊ ဘုန်းတော်ကြီးသင်မူလတန်းကျောင်း(၃)ကျောင်း စုစုပေါင်း(၃၀၁) ကျောင်းရှိပြီး ဇွန်လ(၂)ရက်နေ့မှစတင်၍ အ-ထ-က ကျောင်း (၉)ကျောင်း၊ အ-ထ-က (ခွဲ) (၁၈)ကျောင်း၊ အ-လ-က ကျောင်း(၇)ကျောင်း၊ အ-လ-က (ခွဲ)(၈)ကျောင်း၊ အ-မ-ကမူလွန်ကျောင်း (၁၉)ကျောင်း၊ အ-မ-က ကျောင်း(၅၅)ကျောင်း၊ ဘကကျောင်း(၃)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်းပေါင်း (၁၁၉)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၄၇၂၆)ဦး ကျောင်းသို့တက်ရောက်ပြီး အေးချမ်းစွာပညာသင်ကြားလျက်ရှိပြီး အခြေခံပညာကျောင်း (၁၈၂) ကျောင်းမှာ ဖွင့်လှစ်နိုင်သေးခြင်းမရှိကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှသိရသည်။

မျိုးမင်းဦး