ရေဖြူ ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကိုတားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် အသက် (၅)နှစ်မှ (၁၂)နှစ်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုအသင်းအဖွဲ့ဝင်များ၊ ကျောင်းသားမိဘ အုပ်ထိန်းသူများနှင့် ဆရာ/ဆရာမများက ကာကွယ်ဆေးထိုးနှံပေးရန် စုရပ်နေရာဖြစ်သည့် အ-ထ-ကရေဖြူ၊ အ-ထ-က ကလိန်အောင်၊ အ-ထ-ကကံပေါက်ကျောင်းဆောင်ခန်းမတို့၌ အသက် (၅)နှစ်မှ(၁၂)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသားမိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူအချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးသူများအား မိနစ်(၃၀)ခန့် နားနေစောင့်ကြည့်ခြင်းများဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ဇွန်(၂)ရက်နေ့မှကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ ပထမနေ့တွင်ကျောင်းသား/သူ(၇၁၅)ဦးနှင့် ယနေ့တွင် (၆၀၅) ဦး စုစုပေါင်း(၁၃၂၀)ဦးအား ထိုးနှံပေးခဲ့ပြီး ကျန်ရှိကလေးငယ်များအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ရေဖြူ(ပြန်/ဆက်)