ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ဆိပ်ကြီးခနောင်တို ဇွန် ၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ် ဦးစားပေး အုပ်စုအလိုက် ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စ၍ သက်ဆိုင်ရာ ကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လိုက်လံ ထိုးနှံပေးလျက် ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်းမှ ကြီးကြပ်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေး ပရဟိတ အဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၇ ကျောင်းရှိပြီး၊ အသက် ၅ နှစ်မှ ၁၂ အရွယ် ကျောင်းသား ကျောင်းသူ ၃၇၄၇ ဦးရှိရာ ယနေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ ၃၇၀ ဦးရှိကာ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာ ကျောင်းများအလိုက် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝေယံ(IPRD)