ကော့မှူး ဇွန် ၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တော ပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး သစ်တောဂေဟာ စနစ်များ စဉ်ဆက်မပြတ် တည်တံ့ရေး ရာသီဥတု ပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ရန်နှင့် သက်ရှိလူသားများ၏ ပတ်ဝန်းကျင်တည်တံ့ ကောင်းမွန်စေရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက လက်ခိုက်ကျေးရွာ ကားလမ်းမဘေး၌ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းဇော်မင်း တို့က အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင်ရှောက်ရေးအဖွဲ့များထံ ပျိုးပင်များ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ကမန်ဂျန်ရှား အပင်(၅၀၀)တို့အား သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ