သိန္နီမြို့နယ်တွင် အသက်(၁၂)နှစ်အောက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေး

သိန္နီ ဇွန် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌  အသက် (၁၂)နှစ် အောက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinopharm) 5−Dose ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး(Sinopharm) 5−Dose  ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ပြီး ကျောင်းသား(၃၅)ဦး၊ ကျောင်းသူ (၃၅)ဦး၊ စုစုပေါင်း (၇၀) ဦး ထိုးနှံပေးခဲ့သည်။ ကျန်ရှိနေသည့် အသက်(၁၂)နှစ်အောက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း၊ သိန္နီမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

စောဥမ္မာ(သိန္နီ)