ကော့သောင်း ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက၊ ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ၊ ဂေါက်ကလပ်ကွင်းအတွင်း ပြုလုပ်ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်သည့် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ သယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ NGO အဖွဲ့ဝင်များ၊ ရပ်ကွက် ပြည်သူများ သတ်မှတ်ထားသည့် နေရာတွင်တပြိုင်နက် စုပေါင်းညီညာစိုက်ပျိုးပေးကြပြီး ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို သစ်ပင်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် စေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပျဉ်းကတိုး၊ မန်ဂျန်ရှားနှင့်မဟော်ဂနီပင် စုစုပေါင်း (၅၀၀)ပင်တို့အား၊ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
ဆက်လက်၍ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့သောင်းမြို့၊ ဆယ်မိုင်ကျေးရွာရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းဖွင့်လှစ်ပညာသင်ကြားနေမှု အခြေအနေနှင့်သင်ကြားရေး ဆရာဆရာမများအားတွေ့ဆုံပြီးကျောင်း၏ လိုအပ်ချက်များကို တာဝန်ရှိအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနိုင်းဖြည့်ဆည်းပေးကာ ကျောင်းအုပ်ကြီးနှင့် သင်ကြားရေးဆရာ/ ဆရာမများအား ထောက်ပံ့ချီးမြှင့်ငွေများထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဝန်ကြီးချုပ်သည် ကော့သောင်းခရိုင်၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံပြီးဆေးရုံ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)