နမ္မတူ ဇွန် ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက နမ္မတူမြို့နယ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများအတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) စသည့်ရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးပြီး၊ ကလေးငယ်များအား အပူချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို လစဉ်လဆန်း (၁)ရက်နေ့တွင် နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်အတွင်းရှိ ကလေးငယ်များအားလည်းကောင်း၊ လဆန်း (၂)ရက်နေ့တွင် မြို့နယ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ကလေးငယ်များအားလည်းကောင်း၊ ကျန်ရက်များတွင် ကျေးရွာအုပ်စုများ၊ တိုက်ပွဲရှောင်စခန်းများသို့လည်းကောင်း ကွင်းဆင်း၍ တိုက်ကျွေးထိုးနှံ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)