သုံးခွ ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်း ကျောင်းသား / သူများအား ပထမအကြိမ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အ.ထ.က (၁)၊ အ.ထ.က (၂) စာသင်ကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်းနှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက ကျောင်းသား/ သူလေးများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးတစ်လုံးလျှင် လူ (၅) ဦးထိုးနှံနိုင်သည့် ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ သုံးခွမြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ စုစုပေါင်း (၁၅၂)ကျောင်းရှိ ကျောင်းသား / သူများကို ကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်ပြီး ယနေ့တွင် အ.ထ.က ၁ ၊အ.ထ.က ၂ ကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား / သူများအား ကာကွယ်ဆေးများစတင် ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျန်ရှိနေသောကျောင်းများမှ ကျောင်းသား / သူများကို သက်ဆိုင်ရာ ကျောင်းများအလိုက် ကျန်းမာရေး၀န်ထမ်းများက ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား / သူလေးများကို ယခုထိုးနှံပေးတဲ့ Sinopharm ကာကွယ်ဆေး အမျိုးအစားဟာ ယုံကြည်စိတ်ချရတဲ့အတွက် ယခု အသက် ၅နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား / သူများကို စာသင်ကျောင်းများ စတင်ဖွင့်တဲ့နေ့မှာပဲ ထိုးနှံပေးခြင်းဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းကို ဇူလိုင်လတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး အဆင့် ၁ ဦးအောင်ဇော်ထက်ထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်နှင့် တာ၀န်ရှိသူတို့က လှည့်လည်ကြည့်ရှု၍ အာပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်