သီပေါ ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန်နှင့် မျိုးစေ့အပင်ပေါက် ကောင်းစေရန်တို့အတွက်ရည်ရွယ်၍ စပါးမျိုးစေ့ထုတ်တောင်သူများအား အသိပညာပေးခြင်းနှင့် မျိုးစေ့ဆားရည်စိမ်ခြင်း လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သည့် ဘော်ကြိုကျေးရွာအုပ်စု၊ ဆားတွင်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးနှင့် ဝန်ထမ်းများက ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး(မှော်ဘီ-၂)RS-CS မျိုးစေ့ထုတ်တောင်သူများအား အပင်ပေါက်ကောင်းစေရန်၊ ပိုးမွှားနှင့် မျိုးစေ့ဆောင်ရောဂါ ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဆားရည်စိမ်ခြင်းလုပ်ငန်းကို အသိပညာပေးရှင်းလင်း၍ လက်တွေ့ပြုလုပ်ပြသကာ ဒုတိယဦးစီးမှူးဦးဝေဖြိုးမှ မျိုးစေ့ဆားရည်စိမ်ခြင်း၏ ကောင်းကျိုးများ၊ ဆားရည်စိမ်နည်းအဆင့်ဆင့်နှင့် မျိုးစပါးအညှောင့်ဖောက်ခြင်းတို့ကို ဆက်လက်အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)