မလှိုင် ဇွန် ၃
မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသော အသက်(၅) နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်၍ ထိုးနှံလျက်ရှိကြောင်း သိရသည်။
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျောင်းသား/သူများအား ကျန်းမာပျော်ရွှင်ပြီး ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကိုတားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးလွှမ်းခြုံမှုအလျင်အမြန်ရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၏ဦးဆောင်မှုဖြင့် မလှိုင်မြို့ပေါ်ရှိ အခြေခံပညာကျောင်း(၆)ကျောင်း၊ ယနေ့နံနက်(၉)နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်း(ပန်းအိုင်)တွင် အရှိန်အဟုန်မြှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အမျိုးအစားထိုးနှံပေးခဲ့သည်။
မလှိုင်မြို့နယ်တွင် အသက်(၅)နှစ်နှင့်(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူလျာထားဦးရေ (၁၃၃၃၃)ဦးရှိရာ (၃.၆.၂၀၂၂)ရက်နေ့အထိ ကျောင်းသား/သူ (၉၃၄)ဦး ထိုးနှံနိုင်ခဲ့ပြီး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ထိုးနှံသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
အောင်ဌေး(မလှိုင်)