တနင်္သာရီ ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လောင်စာဆီရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးပွဲယမန်နေ့မွန်းလွဲ ၁နာရီအ ချိန်က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်က အသေးစားလောင်စာဆီအရောင်းဆိုင်များအား ဒေသ၏လိုအပ်ချက်အရ ယာယီခွင့်ပြုချက်ပေးထားခြင်းသာဖြစ်သဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် မီးသတ်ဦးစီးဌာန၏ လိုအပ်သည့်စစ်ဆေးခြင်း၊ ညွှန်ကြား ချက်များကို သေသေချာချာလိုက်နာပြီး မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်(FSC)ဖြင့် လောင်စာဆီများ စနစ်တကျ သို လှောင်ဖြန့်ဖြူးရောင်းချခွင့် တရားဝင်လျှောက်ထားကြရန် လမ်းညွှန်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းနှင့်အဖွဲ့ဝင်ဦးကျော်ကျော်ခေါင်၊ မြို့ နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဒေါ်ချိုချိုခန့်တို့က မြို့ပေါ်ဆီဆိုင်ကြီးများ၊ ကျေးရွာဆီဆိုင်ငယ်များနှင့်ပတ်သက်၍လည်းကောင်း၊ တရားဝင်ရောင်းချခွင့်လျှောက်ထားရန် လိုအပ်ချက်များကို အသိပေးရှင်းလင်းပြောကြားကြပြီးနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် လောင်စာဆီဖြန့်ဖြူးရောင်းချသူများက သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးကြောင်း သိရသည်။
ထိန်ဝင်း(ပြန်ဆက်)