ပန်းဘဲတန်း ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယမန်နေ့နံနက်ပိုင်းအချိန်မှစ၍ ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်ပညာရေးမှူး ဦးလှနီက ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများမှ အရည်အသွေး ပြည့်ဝသော ကျောင်းသား/ကျောင်းသူများ ပြုစုပျိုးထောင်ပေးနိုင်ရန် လူမှုဘဝလက်တွေ့ နယ်ပယ်တွင် အသုံးဝင်မည့် အသိပညာ အတွေးအခေါ်များရရှိစေရန်နှင့် နိုင်ငံသားတိုင်း အခြေခံပညာပြီးဆုံးသည့်အထိ သင်ယူတတ်မြောက်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပညာရေး ကဏ္ဍတိုးတက်မြင့်မားလာစေရေးအတွက် ရာနှုန်းပြည့် ကျောင်းအပ်နှံအောင် ဝိုင်းဝန်း ကူညီပေးကြသော ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသားမိဘများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယနေ့ဖွင့်လှစ်သော ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ ခြေနင်း အမှိုက်ပုံးများ ထားရှိပေးခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်းများအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၃)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ မူလတန်းကျောင်း (၃)ကျောင်း၊ စုစုပေါင်း (၈ )ကျောင်းတို့တွင် ယမန်နေ့အထိ ကျောင်းအပ်နှံသူဦးရေ (၉၉၈)ဦး ရှိ၍ ယခင်နှစ်ထက် ရာခိုင်နှုန်းပြည့်ကျော်လွန်ပြီး ကျောင်းအပ်နှံထားသူ အားလုံး အေးချမ်းစွာ တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာရဲနှင့် တာဝန်ရှိသူများက ပညာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများအား လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)