မူဆယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မူဆယ် ဇွန် ၃

မြန်မာနိုင်ငံတစ်ဝန်လုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ ၂၆ ရက်နေ့မှဇွန်လ ၁ရက်နေ့ထိ စတင်လက်ခံခဲ့ပြီး ဇွန်လ၂ရက်နေ့မှစ၍ အခြေခံပညာသင်ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ မူဆယ်မြို့နယ်ရှိ အခြေခံပညာသင်ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ပညာသင်ကြားနေမှုကို မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကိန်မိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လှည့်လည်ကြည့်ရှု့အားပေးပြီး လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ မူဆယ်မြို့နယ်၌ကျောင်းသားဦးရေ စုစုပေါင်းမှာ (၁၃၂၈၁)ဦး တက်ရောက်သင်ကြား လျက်ရှိပြီး ဆရာ၊ဆရာမများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်သည်။ မူဆယ်မြို့နယ်အတွင်း၌ ကျောင်းပေါင်း(၆၀)ကျော် ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။ ချယ်ရီမြေ(မူဆယ်)