ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်သည့်ရက်၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

ဗိုလ်တထောင် ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်း ကျောင်း ထခွဲ(၁)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်း (၅) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၆၈၅၈)ဦး တက်ရောက်လျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးပြီး ကျောင်းအပ်နှံခြင်းကို ကျောင်းဖွင့်ရက်များတွင်လည်း လက်ခံဆောင်ရွက်ပေးလျက် ရှိသည်။

ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ကျောင်းအပ်နှံမှုမှာ ယမန်နှစ်ကထက် (၂၄၃၂) ဦး ပို၍အပ်နှံခဲ့ပြီး ကျောင်းစတင်ဖွင့်လှစ်သည့် ယနေ့မှစ၍  ကျောင်းသား၊ ကျောင်းသူများ ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းသိန်း