ဆီဆိုင်မြို့နယ်တွင် အသက်(၅)နှစ်နှင့် အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူ(၂၅၂၂)ဦးရှိ

ဆီဆိုင် ဇွန် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင်  အသက်(၅)နှစ်နှင့် အသက်(၁၂)အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက သတ်မှတ်ထားသောနေရာများ၌ ဆေးထိုးအဖွဲ့များဖြင့် ကျောင်းသား၊ကျောင်းသူ(၂၅၂၂)ဦးတို့ကို ကာကွယ်ဆေးထိုးနှံ ပေးနိုင်ခဲ့ကြောင်း သိရသည်။         

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ Volunteer များမှ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်း တာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးစနစ်တကျထိုးနှံပေး၍ ဆေးထိုးနှံပြီးနောက်တွင်လည်း မိနစ် ၃၀ အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေများ၌ ကျန်ရှိသည့် အသက်(၅)နှစ်နှင့် အသက်(၁၂) အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)