မိုင်းပျဉ်းမြို့၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ယူ

မိုင်းပျဉ်း ဇွန် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်(၇:၃၀)နာရီက စတင်ဖွင့်လှစ်ပေးပြီး ကျောင်းသား/သူများ ကျောင်းသို့ ပျော်ရွှင်စွာလာရောက်၍ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိပါသည်။

မိုင်းပျဉ်းမြို့နယ် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်ရာသို့ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်းနွမ်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ ကျောင်းသား/သူများသို့ အားပေးစကားများပြောကြားခဲ့ပြီး ဆရာ/မများအား လိုအပ်သည်များမှာကြားပါသည်။ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက်လည်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျောင်းသားမိဘ ကော်မတီဝင်များက ကျောင်းဝင်းအတွင်း/အပြင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မိုင်းပျဉ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၃၉)ကျောင်းရှိပြီး ကျောင်းများအားလုံးဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းများစတင်ဖွင့်လှစ်သည့် ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံပြီးသူဦးရေ(၄၃၈၄)ဦးရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ယူနေလျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်ဆက်)