မြစ်ကြီးနားမြို့၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းတက်ရောက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     မေ      ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှုအခြေအနေများနှင့် ကျောင်းတက်ရောက်နေမှုများအား ဇွန် ၂ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် ပညာရေးမှူး ဦးကြည်စိန် နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ရှေးဦးစွာ ကချင်ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ရွှေစက်)သို့ ရောက်ရှိကာ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများအား တွေ့ဆုံ၍ ကျောင်းတွင်းလိုအပ်ချက်များအား မေးမြန်းပြီး ကျောင်းသား/သူများ ပညာသင်ကြားရာတွင် တွေ့ကြုံနိုင်သည့်အခက်အခဲများ မဖြစ်စေရေး ကြိုးစားဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ပလနကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ပလန)သို့ သွားရောက်ကာ ကျောင်းအပ် လက်ခံနေမှု၊ စာသင်ခန်းများပြင်ဆင်ဆောင်ရွက်မှု၊ ကိုဗစ် - ၁၉ ဆိုင်ရာ စည်းကမ်းချက်များ နှင့်အညီ ကျောင်းသား/သူများအား ပညာသင်ကြားနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးနှင့်အဖွဲ့သည် တပ်ကုန်းရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းသား/သူအင်အားနှင့် ဆရာ/မအင်အား မျှတမှုရှိ/မရှိ၊ ကျောင်းတွင်းသန့်ရှင်း သာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့ကို ကျောင်းအုပ်ကြီးများအား လမ်းညွှန်မှာကြားကာ ကျောင်းသား/ သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရန် ကျန်ရှိနေသည့် ကျောင်းသား/သူများအား ဆက်လက်လက်ခံနိုင်ရေး လမ်းညွှန် မှာကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)