ရွာငံမြို့နယ်တွင် ရပ်ရွာအခြေပြုစက်ချုပ်သင်တန်း ဖွင့်လှစ်

ရွာငံ ဇွန် ၂

အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်ကာ အမျိုးသား/အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန်ရည်ရွယ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များ တက်မြောက်စေရန်အလို့ငှာ ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့နယ်၊  လူမှုဝန်ထမ်းဦးစီးဌာန၊  အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက သစ်ဆိမ့်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

စက်ချုပ်သင်တန်းတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးဖြူက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး ပိတ်စ ၊ကတ်ကြေး၊ ဂျိုင်းဝိုက်စာ၊ အပ်ချည်လုံး၊ ပေတံ၊ ပေကြိုး၊ ပုလဲအပ် စသည့် သင်ထောက်ကူ ပစ္စည်းများကို သင်တန်းသား ၂၀ ဦးအားအခမဲ့ ပေးအပ်ခဲ့သည်။ သင်တန်းတွင် သုံးလွှာစကဒ်၊ လေးလွှာစကဒ်၊ ချိတ်ထမီ၊ ဘောင်းဘီရှည်၊ ရင်စေ့လည်ဝိုင်း၊ နောက်ကွဲဇစ်ပျောက်၊ ရင်ဖုံး၊ သင်္ဘောသားအင်္ကျီများကို ဇွန်လ ၂ ရက်မှ ၂၅ ရက်အထိ ဘာသာရပ်ရှစ်မျိုးဖြင့် လက်တွေ့သင်ကြားပို့ချပေးသွာမည်ဖြစ်‌‌ကြောင်း သိရသည်။

ရွာငံ (ပြန်/ဆက်)