မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

မဟာအောင်မြေ ဇွန် ၂

မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ အမှတ်(၁၃)အခြေခံပညာအထက်တန်း ကျောင်း၊အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် အုပ်စု(၃)ခုခွဲကာ ယနေ့နံနက်(၉)နာရီခွဲက ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်စေရန်အတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အထိကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)ခန့်နားနေစေ၍ စောင့်ကြည့်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ဆရာမများကပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုထိုးနှံပေးသောဆေး အမျိုးအစားမှာ Sinopharm အမျိုးအစားဖြစ် ကြောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ လာရောက်ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ လုံခြုံရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်  ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း