ကော့မှူး ဇွန် ၂
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့် အားလပ်သည့်အချိန်တွင် စာအုပ်စာပေများ ဖတ်ရှုသည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန်အချိန်မရှိသူများအတွက် မိမိတို့ရုံးဌာနများအရောက်အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်စေရေးအတွက် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် စာအုပ်စာစောင်များ ငှားရမ်းပေးနေကြသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် စာအုပ်စာပေချစ်မြတ်နိုးသူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ယာယီရပ်နားထားရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါလျော့နည်းကျဆင်းလာပြီဖြစ်သောကြောင့် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများလက်ဝယ် အရောက် လိုက်လံငှားရမ်းပေးနေခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူများလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့်အသိပညာဗဟုသုတများစွာ ရရှိစေရန် သုတ/ရသ စာအုပ်(၅၀၀)ကျော်ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ်နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်အသစ်များဖြင့် ပြန်လည်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ