မြဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

မြဝတီ ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့မှစတင်၍ တစ်ပြိုင်နက်တည်းဖွင့်လှစ်ရာ မြဝတီမြို့နယ်တွင်လည်း အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ ၃၀၇၇၅ ဦး တက်ရောက်ကာ  အေးချမ်းပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုသို့  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက်ပညာသင်ကြားနေမှုများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်၊ အဖွဲ့ဝင်ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်၊ အဖွဲ့ဝင်ဦးအောင်မင်းစိုး၊ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးတို့က လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

“ကျွန်တော်တို့ အခုလိုအခြေခံပညာကျောင်းများမှာ ကျောင်းသူ၊ ကျောင်းသားများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရန်အတွက် ခုံများနေရာချထားတာ စာသင်ချိန်များအား စနစ်တကျစီမံထားတာ ကျောင်းများအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အစီအမံ များစီစဉ်တာနှင့်ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး သန့်ရှင်းသာယာလှပရေး၊  ပြင်ဆင်တာတွေကိုကျောင်းမဖွင့်မီကတည်းက ကြိုတင်စီစဉ်ဆောင်ရွက်ထားတာပါ၊ အဲ့ဒီအပြင်ကို ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာဖြင့်ပညာသင်ကြားနိုင်ရန် ကျောင်းအပ်နှံခြင်း ကိုလုံး၀အခမဲ့ဖြစ်ပြီးတော့ နိုင်ငံတော်က ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ခဲတံ၊ ဘောပင်များအပြင် နှာခေါင်းစည်း၊ မျက်နှာအကာများကိုလည်း ထပ်မံထောက်ပံ့ပေးသေးပါတယ်” ဟု မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက ပြောသည်။

အလားတူ ကျောင်းသားမိဘ တစ်ဦးကလည်း “ကျွန်မတို့ကလေးတွေအတွက် အနာဂါတ် သာယာလှပရေးအတွက်ဟာ ပညာရေးကဏ္ဍဟာအရေးကြီးတယ်လေ၊ ပညာတတ်မှ ဒီပညာတွေနဲ့သူတို့တွေရဲ့ဘ၀တိုးတက်အောင်၊ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနိုင်အောင် ဒီလိုရည်ရွယ်ချက်တွေနဲ့ ကျွန်မတို့ကလေးတွေကိုကျောင်းအပ်နှံပြီး  ပညာသင်ကြားစေတာပဲဖြစ်ပါတယ်” ဟု ပြောသည်။

မြဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေံပညာစာသင်ကျောင်း ၈၄ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာကျောင်း ၅ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂ ကျောင်း စုစုပေါင်း ၉၁ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး အခြေံပညာစာသင်ကျောင်း ၈၄ ကျောင်းတွင် ကျောင်းသား ၁၃၂၂၄ ဦး၊ ကျောင်းသူ ၁၃၉၂၁ ဦး၊ ဘကကျောင်း ၅ ကျောင်းတွင် ကျောင်းသား ၁၃၁၆ ဦး၊ ကျောင်းသူ ၁၂၄၉ ဦး၊ ကိုယ်ပိုင်ကျောင်း ၂ ကျောင်းတွင် ကျောင်းသား ၅၀၉ ဦး၊ ကျောင်းသူ ၅၅၆ ဦး တက်ရောက် သင်ကြားလျက်ရှိရာ စုစုပေါင်း ကျောင်းပေါင်း ၉၁ ကျောင်းတွင် ကျောင်းသား ၁၅၀၄၉ ဦး၊ ကျောင်းသူ ၁၅၇၂၆ ဦး စုစုပေါင်း ၃၀၇၇၅ ဦး အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိကြောင်း သိရသည်။

အလားတူ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြုပြည်သူလူထုလုံခြုံရေးအဖွဲ့များပူပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)