ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများအတွက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး

 

ပုဗ္ဗသီရိ ဇွန် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခရိုင်ဘဏ်ခွဲမှ ခရိုင်မန်နေဂျာ ဒေါ်ထွေးထွေးသိန်းက"တောင်သူများ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် အဆင်ပြေစေရန်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးခြင်းဖြစ်ကြောင်း" ပြောကြားခဲ့သည်။ ထို့နောက် ပုဗ္ဗသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အုပ်စုနှင့် အောင်သုခကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၂၀၅)ဦး၏ လယ်(၆၈၁)ဧကနှင့် ယာ (၁၃၃)ဧကအတွက် လယ်တစ်ဧကလျှင်ငွေကျပ် ၁၅၀၀၀၀နှုန်းနှင့် ယာတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့့်် ချေးငွေစုစုပေါင်း ၁၁၅၄၅၀၀၀၀ ကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါချေးငွေထုတ်ချေးပေးရာတွင်"လယ်ယာလုပ်ငန်းခွင်သို့ ဝင်ကြမည့် တောင်သူများအတွက် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်အတွက် ၂၀၂၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း "ခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်ထွေးထွေးသိန်းထံမှ သိရသည်။

မျိုးသီဟ(ပြန်/ဆက်)