ပင်းတယ ဇွန် ၂
ယနေ့ဇွန် ၂ ရက်နေ့မြန်မာနိုင်ငံ တစ်ဝမ်းရှိအခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား/သူများအား ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား စတင်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှုအား ပင်းတယမြို့နယ်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မို့မို့ကြည် ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်အလိုက် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာစာသင်ကျောင်းများမှ အသက် ၅ နှစ်မှ ၁၁ နှစ်ထိ ကျောင်းသား/သူများအား ကျန်းမာရေး စစ်ဆေးခြင်း၊ အပူချိန်တိုင်းတာစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်ထိ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသည့် ကျောင်းသား/သူများကိုလည်း Myncopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြသည်။
ယနေ့တွင် ပင်းတယမြို့နယ်အတွင်းရှိအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမက(၂)၊ ပွေးလှ အခြေခံပညာစာသင်ကျောင်းများရှိ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရပြီး၊ ကျန်ရှိနေသည့် အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား/သူများကိုလည်း ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည်ကြောင်း၊ ပင်းတယမြို့နယ်၌ အထက ၉ ကျောင်း၊ ထ(ခွဲ) ၇ ကျောင်း၊ အလက(၇)ကျောင်း၊ လ(ခွဲ) ၁၂ ကျောင်း၊ မူလွန်(၇)ကျောင်း၊ အမက (၇၄) ကျောင်းနှင့်မခွဲ (၄)ကျောင်း စုစုပေါင်း အခြေခံပညာစာသင်ကျောင်း(၁၂၀)ရှိကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)