ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဒဂုံအရှေ့ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများအား ၂၀၂၂-ခုနှစ် ဇွန်လ(၂)ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား/သူများအား ပညာသင်ကြားပေးမည်ဖြစ်ရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်‌နေ့နံနက်ပိုင်းက အမှတ်(၅၂)ရပ်ကွက် အမှတ်(၁၁) အခြေခံပညာမူလတန်းလွန်ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အပါအဝင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့သို့သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းဝင်းအတွင်း ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း ခြင်များပေါက်ဖွားနိုင်သည့်ရေတင်ကျန်နိုင်သော ဘူး၊ ခွက်၊ တာယာဟောင်း စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝင်း အတွင်း/ အပြင်ရှိ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ကျောင်းဝင်းအတွင်းရှိ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များ ပေါက်ပွားမှု ကင်းဝေးစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ စာသင်ဆောင်များအတွင်း ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ခြင်ဆေးများ မှုတ်ပေးခြင်းစသည်ဖြင့် ကျောင်းသား/ သူများ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်