ပျော်ဘွယ် ဇွန် ၂
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာသင်ကြားလျက်ရှိကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၅၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၅)ကျောင်းရှိပြီး ယနေ့နံနက်ပိုင်းမှစတင်ဖွင့်လှစ်သင်ကြားပေးနေပြီး ကျောင်းအပ်နှံမှုအနေဖြင့် မူလတန်းအဆင့်တွင်(၂၉၂၃၆)ဦး၊ အလယ်တန်းအဆင့်တွင် (၁၀၄၁၁)ဦး၊ အထက် တန်းအဆင့်တွင်(၃၉၉၆)ဦး၊ စုစုပေါင်း(၄၃၆၄၃)ဦးအပ်နှံထားကြောင်း၊ စာသင်ချိန်အနေဖြင့် မူလတန်းအဆင့်တွင် စာသင်ချိန်(၇)ချိန်၊ အလယ်တန်း အဆင့်နှင့်အထက်တန်းအဆင့်တို့တွင် စာသင်ချိန်(၈)ချိန် သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကျောင်းစတင်ဖွင့်လှစ်သည့်နေဖြစ်၍ ကျောင်းသားမိဘအုပ်ထိန်းသူများက ၎င်းတို့၏သားသမီးများကို ကျောင်းသို့လိုက်ပါပို့ဆောင်ပေးကြရာ ကျောင်းတာဝန်ခံများကလည်း နွေးထွေးစွာကြိုဆိုပြီး စာသင်ခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)