ပိုင်ကျုံ ဇွန် ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှစတင်ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများကာကွယ်ဆေး ရာနှုန်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသောကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ ကျေးရွာများအရောက်ကွင်းဆင်း၍ထိုးနှံပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် ယနေ့တွင် ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ တာဝန်ရှိ ဆရာ/ ဆရာမများတို့ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုနှံနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နော်ခူး(ပြန်/ဆက်)