ဗန်းမော် ဇွန် ၂
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၅)ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်နှင့် ကမ္ဘာ့အဆင့်အခမ်းအနားကို ဆွီဒင်နိုင်ငံမှ အိမ်ရှင် အဖြစ် ဆောင်ရွက်မည့်အကြောင်းကို လည်းကောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day)ကို မြန်မာနိုင်ငံတွင် စတင်ကျင်းပခဲ့သည့် အကြောင်းနှင့် ဗန်းမော်ခရိုင် အတွင်း၌ လူထုလှုပ်ရှားဆောင်ရွက်မှုအကြောင်းများကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မိမိမြတ်က မေးမြန်း ဆွေးနွေးခဲ့ကာ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းသီရိကျော်က အကျယ်တဝင့် ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးမှုများကို အများပြည်သူ သိရှိနိုင်စေရန်အတွက် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် We Love Banmaw Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)