တာမွေ ဇွန် ၁
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)မှ ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထိုက် ဦးဆောင်ပြီး ခရိုင်/ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း စျေးအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်ခြင်း ရှိ/မရှိကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာမွေ(ယာယီ)စျေးအတွင်း သား/ ငါး/ ဟင်းသီး ဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချနေမှု အခြေအနေများ၊ လူသုံးကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများ၊ စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်ထားရှိမှုများ၊ စျေးအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ စျေးသူ/သားများ၏ ကုန်ပစ္စည်းများ လုံခြုံမှုရှိစေရေးအတွက် ဆောင် ရွက်ထားရှိမှုများ၊ စျေးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် စားသောက်ကုန် ပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်းမျိုးစုံကို တစ်နေရာထဲ ဝယ်ယူရရှိနိုင် တာကြောင့် မြို့နယ်အတွင်းရှိ ပြည်သူများအပြင် နီးစပ်ရာ မြို့နယ်များမှ ပြည်သူများကပါ အဓိကအားထားရာ လက်လီ/လက္ကား စျေးကြီးတစ်ခုဖြစ်ကြောင်း၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆိုပါ တာမွေ(ယာယီ)စျေးအား စျေးအင်္ဂါရပ်နှင့် ပြည့်စုံ ညီညွတ်မှုရှိစေရေးအတွက် စျေးအတွင်းသန့်ရှင်းသပ်ရပ်စေရေး၊ လုံခြုံမှုရှိစေရေးနှင့် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချ နိုင်စေရေး၊ စျေးအတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်