မလှိုင် ဇွန် ၁
မလှိုင်မြို့နယ်၊ ကုန်းတဲကျေးရွာအုပ်စု၊ ကုန်းတဲ(မြောက်)ကျေးရွာတွင် တည်ထားကိုးကွယ်မည့် ဉာဏ်တော်(၂၇)ပေရှိ “ ကြံတိုင်းအောင် အဘယလာဘမုနိ ရပ်တော်မူမြတ်စွာဘုရား ရုပ်ပွားတော်မြတ်ကြီး”၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်း၍ ယမန်နေ့ နံနက်(၁၁) နာရီအချိန်တွင် လုပ်အားဒါန ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
ရပ်တော်မူမြတ်စွာ ဘုရားရုပ်ပွားတော်မြတ်ကြီးကို ကုန်းတဲကျောင်းကြီးကျောက်တိုက် ဆရာတော်ဘဒ္ဒန္တသာဂရ (ရွှေတဲမေတ္တာရေ) ဦးဆောင်၍ ရပ်ဝေး/ရပ်နီး စေတနာရှင် အလှူရှင်များစုပေါင်း၍ (၂၀.၂.၂၀၂၂) ရက်နေ့တွင် ရတနာအုတ်မြစ်စီ မင်္ဂလာအခမ်းအနားကျင်းပခဲ့ပြီး စုစုပေါင်းငွေကျပ် (၄၅၀)သိန်းကုန်ကျခံ လှူဒါန်းသွားမည်ဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေးလုပ်ငန်းများကို မလှိုင်မြို့ရှိ မြန်မာမှု ဦးစိုးမြင့်အဖွဲ့မှ ထုဆစ်ပူဇော်ပြီး( ၁၂.၇.၂၀၂၂)ရက်နေ့တွင် ပြီးစီးနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၈၀) ဦးတို့မှ ရင်ပြင်တော်နှင့် ရုပ်ပွားတော်မြတ်ကြီး ပလ္လင်ခြေတော်ရင်းတွင် သဲများဖြည့်သွင်းခြင်း လုပ်အားဒါနကုသိုလ်ပြုပါဝင် ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါရုပ်ပွားမြတ်ကြီး တည်ဆောက်ပြီးစီးပါက မလှိုင်မြို့နယ်တွင် အကြီးဆုံးရုပ်ပွားတော် တစ်ဆူဖြစ်ကြောင်း ကုန်းတဲကျောင်းတိုက် ဆရာတော်မှ မိန့်ကြားခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)