ညောင်ဦး ဇွန် ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ရွာနောင်(တောင်)ကျေးရွာတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကြက်ဟင်းခါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေပြီး နှစ်ရက်တစ်ကြိမ်ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေအဆင်ပြေနေကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ် တောင်ရွာနောင်(တောင်)ကျေးရွာ ကျေးလက်တောင်သူများ ကြက်ဟင်းခါးစိုက်ပျိုးရန် ထိုင်ဝမ်ကြက်ဟင်းခါးမျိုးစေ့ဝယ်ယူစိုက်ပျိုးကြပြီး မျိုးစေ့တစ်ထုပ် ၆၀၀၀ ကျပ်ပေးဝယ်ရကြောင်း၊ မျိုးစေ့တစ်ထုပ်အစေ့ ၁၀၀ ရာပါဝင်ကာကြက်ဟင်းခါးစိုက်မည့်စိုက်ကျင်းထဲတိုက်ရိုက်မျိုးစေ့မြှပ်စိုက်ပျိုးကြကြောင်း သိရသည်။
ကြက်ဟင်းခါးပင်များစတင်စိုက်ပျိုးချိန်မှစတင်ကာ စင်ခံစနစ်ဖြင့်စိုက်ပျိုးကြပြီး ကြက်ဟင်းခါးပင်များနွယ်တက်လာပြီး စင်ပေါ်ပြန့်ကြဲရောက်ရှိချိန်တစ်လခန့်ကြာလျှင် အဖူး၊ အပွင့်စတင်ပွင့်လာကြောင်း၊ စိုက်သည့်ရက်မှ ရက်ပေါင်း ၄၀ ကျော်လျှင် ကြက်ဟင်းခါးသီးများ စတင် ဆွတ်ခူးရောင်းချကြကြောင်း၊ ထွက်ရှိလာသည့် ကြက်ဟင်းခါးသီးများ ညောင်ဦးမြို့ မဏိစည်သူဈေးသို့ ဖောက်သည်ဈေး တစ်ပိသာ ၇၀၀ ကျပ်မှ ၇၅၀ ကျပ်ဖြင့် ကုန်စိမ်းပွဲရုံများသို့ရောင်းချရကာ တောင်ရွာနောင်(တောင်)ကျေးလက်တောင်သူများ တစ်နိုင်တစ်ပိုင် ကြက်ဟင်းခါးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေအဆင်ပြေနေကြကြောင်း ကြက်ဟင်းခါးစိုက်ပျိုးတောင်သူများထံက သိရသည်။
ကိုကြေးမုံ