မြိတ်ခရိုင်၏ နိုင်ငံသားကိုယ်ရေး အချက်အလက်(နိုင်-၄ မှတ်တမ်းများ)အား e-IDစနစ်ဖြင့် စာရင်းရေးသွင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မြိတ်   ဇွန် ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်၏ နိုင်ငံသားကိုယ်ရေး အချက်အလက် (နိုင်-၄ )မှတ်တမ်းများအား  e-IDစနစ်ဖြင့် Software အတွင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် တပ်မတော်သားများက Excel Format ဖြင့် ဖြည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြရာ မေလ(၃၁)ရက်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။

နိုင်ငံသားများ၏ အချက်အလက်များအား ခေတ်စနစ်နှင့်အညီ အဆင်မြှင့်နည်းပညာဖြင့် Smart Card များ ထုတ်ပေးနိုင်ရေးအတွက် ရှေ့ပြေးလုပ်ငန်းအဖြစ် အခြေခံကျသော နိုင်ငံသားများ၏ ကိုယ်ရေးအချက်များအား နည်းပညာအသုံးပြု၍  စာရင်းရေးသွင်းဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်အတွင်းရှိ   မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်များမှ နိုင်ငံသား(၇၃၂၃၄၃)ဦး၏ ကိုယ်ရေး အချက်အလက် နိုင်(၄) မှတ်တမ်းများအား ဧပြီလ(၁၈)ရက်မှ စတင် ရေးသွင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ရာ ယနေ့တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင်ရှိ နိုင်ငံသားကိုယ်ရေး အချက်အလက်ဆောင်ရွက်ပြီးစီးမှုအား တိုင်းဒေသကြီး လူမှုရေး ရာဝန်ကြီး ဦးယဉ်ထွေးနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ‌ ယနေ့နံနက်ပိုင်းက စာရင်းဖြည့်သွင်းဆောင်ရွက်သည့် နေရာတစ်ခုဖြစ်သော ကွန်ပျူတာတက္ကသိုလ်(မြိတ်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး  စာရင်းဖြည့်သွင်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဝန်ကြီးဦးယဉ်ထွေးက ကျေးဇူးတင်စကားပြောကြား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(မြိတ်) အစည်းအဝေးခန်းမ၌ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/မများအားတွေ့ဆုံရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန္တာဝင်းက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးက  သက်ဆိုင်ရာဌာနများနှင့်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိ သူများအား တွေ့ဆုံ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )