မြဝတီ မေ ၃၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံးပညာသင်ယူခွင့်ရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်၈နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့မျက်နှာစာတွင်ကျင်းပခဲ့ရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းအပ်နှံရေးနေ့အခမ်းအနားဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ဆက်လက်၍အခမ်းအနား ဒုတိယပိုင်းကို အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က ယခုနှစ်ကျောင်းအပ်နှံရေးလှုပ်ရှားမှုဆောင်ပုဒ်မှာ“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” တိုက်တွန်းနှိုးဆော်ချက် အညီ မေ၂၆မှ ဇွန်၁ရက်နေ့ထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်ပေးကြောင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်ပေးခြင်းသည် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိပြီး ကျောင်းတက်၊ကျောင်းနေမှုနှုန်းမြင့်မားလာစေရန် အခမဲ့ပညာရေးစနစ်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ “ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့" ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အမျိုးသားပညာရည်မြင့်မားရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များစွာလိုအပ်ကြောင်း၊ ကလေးတိုင်းကျောင်းနေပျော်၍ စာတော်သောကျောင်းသား၊ကျောင်းသူများဖြစ်လာစေရန် ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ဆရာ၊ဆရာမများက တက်ညီလက်ညီဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက ကျောင်းပညာရေးစနစ်များနှင့် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် အဆင့်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ငွေကျပ်သိန်းခုနှစ်ဆယ်တန်ဖိုးရှိ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောပိုးအိတ်များကို ကျောင်းအလိုက်အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)