နွားထိုးကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နွားထိုးကြီး  မေ ၃၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်သူရိန်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ထက်၊ လယ်၊ မူဆရာမများမှ တို့ကျောင်းတော် သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးမှ  အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျောင်းသား၊ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ် ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးစိုးညွန့်မှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအပ်နှံမှု ရာခိုင်နှုံန်းအရေအတွက်နှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး  ကျောင်း အပ်နှံရေးအတွက် ဆရာ၊ဆရာမများမှဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်ခဲတံများ၊ ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ကျောင်သားကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်