မြစ်သား မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်း အနားကို ယနေ့နံနက် ၉ နာရီအချိန်က မြစ်သားမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့်သီဆိုဖျော်ဖြေရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများပေး အပ်ချီးမြှင့်သည်။ ဆက်လက်ပြီးအခမ်းအနားကို ကျင်းပရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်ကအဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက ကျောင်းနေ အရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးသို့ ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ရာကျောင်းများအားလုံး၌ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်အပ်နှံဆောင်ရွက်တွေ့ရှိခဲ့မှုများကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေပေးအပ်သောအခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်တို့အတွက် ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို တာဝန်ရှိသူများက ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)