မြစ်ကြီးနား မေ ၃၁
ကချင်ပြည်နယ် ပညာရေးမှူးရုံးနှင့် ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲအား မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိမြို့နယ်အသီးသီးမှ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ဆုရကျောင်း/သူ (၃၆) ဦးမှ Only One Earth “တစ်ခုတည်းသောကမ္ဘာမြေ” ခေါင်းစဉ်ဖြင့် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ပါဝင်ယှဉ်ပြိုင်ကာ ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲစည်းကမ်းချက်များနှင့်အညီ စောင့်ကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့် ဆုရကျောင်းသား/သူ (၃) ဦးစီအား ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဇွန်လ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများပေး အပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)