ဗန်းမော်မြို့တွင် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဗန်းမော် မေ ၃၁

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ကချင်ပြည်နယ် ဗန်းမော်မြို့နယ်လုံးကျွတ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၃၁ ရက် နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ မြညီလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင် အတွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသားမိဘများအနေဖြင့် အားတက်တရော ကျောင်းအပ်နှံနေကြသည်ကို မြင်တွေ့ရသည့်အတွက် များစွာကျေနပ်အားရမိပါကြောင်း၊ ကျောင်းသားမိဘများအား မိမိတို့သားသမီး၏ အနာဂတ်နှင့် နိုင်ငံတော်၏ အနာဂတ်ကို ပညာရေးအပေါ်အခြေခံနေသည့်အတွက် ကျောင်းအပ်နှံရန် ကျန်ရှိနေသေးသည့် ကျောင်းသား မိဘများအနေဖြင့် မိမိတို့သားသမီးများအား ကျောင်းအပ်နှံပေးကြရန်နှင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများက ကျောင်းသားကျောင်းသူများအား  ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးအတွက် ကျောင်းတက်ချိန်၊ မုန့်စားချိန်၊ ထမင်းစားချိန်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင်ပညာရေးမှူးရုံးမှ ခေတ္တခရိုင်ပညာရေးမှူး ဦးအောင်တင့်က ပညာရေးဆိုင်ရာကဏ္ဍများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ခဲတံနှင့် ကျောင်းဝတ်စုံများကို မူလတန်း၊အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)