၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်း (၃၄)ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

တနိုင်း မေ ၃၁

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်း (၃၄)ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် တနိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၃၄)ကျောင်းအနေဖြင့် ကျောင်းဖွင့်သည့်အချိန်တွင် ပြည့်ပြည့်ဝဝဦးဆောင်နိုင်ရန် အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တနိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၄) ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမှ ပေးအပ်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တာဝန်ခံကျောင်းအုပ်များက လက်ခံရယူခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ) ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးသက်ခိုင်ဦး၊ အဖွဲ့ဝင်ဗိုလ်မှူးတေဇာအောင်၊ လဝက လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် တာဝန်ခံကျောင်းအုပ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မနောမြေ(တနိုင်း)