သာကေတမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

သာကေတ မေ ၃၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းဝင်း၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးညီညီအောင်က ကျောင်းနေအရွယ် ကလေးသူငယ်များ အခြေခံပညာရေးကို လက်လှမ်းမှီသင်ယူခွင့် ရရှိနိုင်ရေးတို့အတွက် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင်ထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးသူငယ်များအားလုံး ကျောင်းဆက် တက်နိုင်ရေး အတွက် မေလနောက်ဆုံးပတ်ကို ကျောင်းအပ်နိုင်ရေးကာလအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက်လည်း နိုင်ငံတော်တာဝန်ရှိသူများက အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများ ထောက်ပံ့လျက်ရှိကြောင်း၊ ကျောင်းနေနှုန်းမြှင့်မားရေး၊ ကျောင်းထွက်နှုန်းလျော့နည်းရေးအတွက် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်သည်ဟူ၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်အုန်းဝင်းက မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ပညာရေးလုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက (NFPE) ကျောင်းပြင်ပပညာသင် (level-2)အဆင့်ကျောင်းသား၊ကျောင်းသူ (၄)ဦးနှင့် ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူများကို  ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဝေယျာမင်း