တွံတေး မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)၊ ယုဇနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်က ကျောင်းအပ်နှံရေးနေ့ကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇာနည်မောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းတို့က အမှာစကားများ ပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးဇော်လှက ကျောင်းကျန်းမာရေးဆိုင်ရာများ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသော ကျောင်းသုံးဗလာစာအုပ် ငွေကျပ် (၅၀၀၀၀၀)တန်ဖိုးရှိသော ဗလာစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ( ၁)တို့က မူလတန်းကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ကာ မြို့နယ် ဆရာဝန်ကြီးနှင့် ကျောင်းကျန်းမာရေးဆရာဝန်တို့က မြို့နယ်အတွင်းရှိကျောင်းသား၊ကျောင်းသူများအတွက် နှာခေါင်းစည်း(mask) (၆၀၀၀)ကို ပေးအပ်ရာမြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်မြချိုက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက်မြို့နယ်ပညာရေးမှူးဒေါ်ခင်မြချိုက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တွံတေးမြို့နယ်၌ ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူများအား၊ ယခုပညာရေးမှာ အခမဲ့ပညာရေးဖြစ်ကြောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစအုပ်၊ ဘောလ်ပင်၊ ခဲတံစသည့် သင်ထောက်ကူပစ္စည်းများနဲ့ ကိုဗစ်-၁၉ရောဂါ ကာလဖြစ်တဲ့အတွက် ရောဂါကာကွယ်ရေး ပစ္စည်းများကိုလည်း နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းကို ကျောင်းသား/သူများနဲ့ ကျောင်းသားမိဘများ သိရှိအောင် ဆရာ၊ ဆရာမများမှ ရှင်းပြပေးစေလိုကြောင်း၊ ယခုကျောင်း ဖွင့်ရက်ကာလမှာလည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန် အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း လိုအပ်သလို ဆရာ၊ ဆရာမများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။ ကျောင်းအပ်နှံရေးကို မေလ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး