ထားဝယ် စက်တင်ဘာ ၅
ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) ကို ယမန်နေ့နံနက် ၁၀ နာရီ က တိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ( ၇ ) ဦးနှင့် သတင်းမီဒီယာ (၄ ) ဦး တို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ က ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေးသို့ တက်ရောက် ခွင့်ရှိသည့်လွှတ်တော် ကိုယ်စားလှယ်(၂၇)ဦးရှိသည့်အနက်(၂၇)ဦးတက်ရောက်ခဲ့သဖြင့် စုစုပေါင်း (၁၀၀)ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့်ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေး အထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ ထက်ဝက်ကျော်လွန်တဲ့အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (ပထမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့သည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ(ပထမနေ့) အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထား သောကြယ်ပွင့်ပြမေးခွန်း (၃)ခုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားခဲ့ကြပြီး တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရ စီမံကိန်းဥပဒေ(မူကြမ်း) အား တိုင်းဒေသကြီးလွှတ်တော် သို့ တင်သွင်းသည်။
ထိုနောက် တိုင်းဒေသကြီး လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထား မှတ်ချက်ကို ဖတ်ကြားရှင်းလင်းခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်မြို့ မြို့ပြဖွံ့ဖြိုးရေး အဆိုပြုတည်နေရာအပိုင်း (၁)စီမံကိန်းအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန် အစည်း အဝေး(ပထမနေ့)ကိုနံနက် (၁၁:၀၆)နာရီအချိန်တွင်ရပ်နားကာ (ဒုတိယနေ့) ကို စက်တင်ဘာ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)