မိုးညှင်း မေ ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းဒေသတွင် မိုးဦးကာလ၌ ရာသီပေါ်ထွက်ရှိသည့် မှိုများ တူးဖော်ရောင်းချကြရာမှ ဝင်ငွေများရရှိသဖြင့် မိသားစုအတွက် အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
မိုးညှင်းဒေသတွင် နှစ်စဉ်မိုးဦးကာလ၌ လူနေအိမ်များနှင့် တောတောင်များတွင် ရာသီပေါ် သဘာဝအလိုက် တောင်ပို့မှိုနှင့် ငှက်စွတ်မှိုများ ပေါက်ရောက်ထွက်ရှိလေ့ရှိကြပြီး အဆိုပါမှိုများကို ဒေသခံပြည်သူများက တူးဖော်ရောင်းချလေ့ရှိကြရာ ယခင်နှစ်ထက် ယခုနှစ်တွင် မှိုများ ပေါပေါသီသီ ထွက်ရှိလေ့ရှိကြောင်း သိရသည်။
“ကျွန်မတို့က နန့်စော်လော်ကျေးရွာကနေ လာရောင်းကြတာဖြစ်ပါတယ်။ ဒီမှိုတွေရဖို့ဆိုရင် မနက် အစောကြီးထပြီး မှိုပေါက်လေ့ရှိတဲ့နေရာတွေကို ခန့်မှန်းပြီး တောထဲ၊ တောင်ထဲသို့ သွားရှာခဲ့ရပါတယ်။ ကျွတ်တွယ်၊ ခြင်ကိုက်၊ ဖြုတ်ကိုက်နဲ့ ပင်ပန်းခက်ခဲစွာဖြင့် သွားရှာခဲ့ရပါတယ်။ အခုလို မှိုတွေရလာတဲ့အခါမှာလဲ အဖူးအပွင့်ပေါ်မူတည်ပြီး အပုံလိုက်၊ တောင်းပြတ်အလိုက်နဲ့ ရောင်းချပါတယ်။ အခုဆိုရင် ငါးဖူးပါတစ်ပုံကို ငွေကျပ်တစ်ထောင်နှုန်းပေါ့၊ တောင်းတစ်ဝက် နီးပါးဆိုရင် ငွေကျပ်တစ်သောင်းခွဲနှုန်းနှင့် တောင်းအပြည့်အလျှံဆိုရင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် အစားစားနဲ့ရောင်းချပါတယ်။ ဈေးဝယ်တဲ့သူအပေါ်မူတည်ပြီး များများယူရင်ယူကြသလို ကြည့်ပြီး အပိုလေးတွေလဲ ထည့်ပေးလိုက်တာပါတယ်”ဟု နန်းမားမြို့၊ နန့်စော်လော်ကျေးရွာနေ ဈေးသည်တစ်ဦးက ပြောပြသည်။
အဆိုပါမှိုများသည် မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်းဒေသ၊ ဆယ်မိုင်ကျေးရွာဒေသ၊ နန်းမားဒေသ၊ ဟိုပင်ဒေသ၊ အင်းတော်ကြီးဒေသနှင့် မိုးကောင်းဒေသများတွင် မိုးဦးကာလ၌ ပေါက်ရောက်လေ့ ရှိကြပြီး ဒေသခံပြည်သူများအား တူးဖော်ခူးဆွတ်ရောင်းချကြရာမှ မိသားစုအတွက် အပိုဝင်ငွေများ ရရှိကြကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)