သိန္နီမြို့တွင် ပဲကပ်ကြော်လုပ်ငန်းဖြင့် မိသားစုတစ်နိုင်တစ်ပိုင် အပိုဝင်ငွေရရှိ

သိန္နီ မေ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပဲကပ်ကြော်လုပ်ငန်းများကို မိသားစုဝင်ငွေရရှိရေး တစ်နိုင်တစ်ပိုင်လုပ် ကိုင်ဆောင်ရွက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးကို တစ်ဖက်ကအထောက်အကူပေးလျက်ရှိသည်။

ထိုသို့ ပဲကပ်ကြော်လုပ်ငန်းများကိုဆောင်ရွက်ရာ၌ သိန္နီမြို့ရပ်ကွက်(၁) နယ်မြေသစ်နေထိုင်လျက်ရှိသော ဦးမြင့်စိုးမိသားစုသည် ပဲကပ်ကြော်လုပ်ငန်းကို လွန်ခဲ့သော၁၀နှစ်ကျော်က စတင်လုပ်ကိုင်ခဲ့သည်။ “ပဲကပ်ကြော်ပြုလုပ်ရာတွင် ကုလားပဲကို အဓိကထား၍  ဂျင်း၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ဂျုံ၊ သာကူမုန့်နှင့် ရွှေလိပ်ပြာ အကြော်မုန့်တို့ကို အချိုးကျရေအေးဖြင့်ရေစပ် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပဲကပ်ကြော်လုပ်ငန်းလုပ်ကိုင်သူ ဦးစိုးမြင့်က” ပြောကြားသည်။

“ပဲကပ်ကြော်လုပ်ငန်းကို သိန္နီမြို့ ဒေသခံများအနေဖြင့် မိသားစုတစ်နိုင်တစ်တစ်ပိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး ပဲကပ်ကြော်နှစ်ခုတစ်ထုပ်ကို ငွေကျပ် (၁၅၀)ဖြင့်ရောင်းချခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် စားသုံးဆီစျေးများ နှစ်ဆမြင့်တက်လျက်ရှိသဖြင့် ပဲကပ်ကြော်များကိုလည်း စျေးနှုန်းမြင့်ရောင်းချနေရကြောင်း၊ ယခင်နှစ်များက ပဲကပ်ကြော်နှစ်ခုတစ်ထုပ်ကို ငွေကျပ် (၁၀၀)ဖြင့်သာရောင်းချခဲ့ ကြောင်း၊ ပဲကပ်ကြော်များကို မုန့်ဟင်းခါးနှင့်တွဲဖက်၍ စားသုံးရာတွင်လည်းကောင်း၊ ရှမ်းခေါက်ဆွဲ နှင့်တွဲဖက်၍ စားသုံးခြင်းနှင့် သရေစာအဖြစ်စားသုံးခြင်းများလည်းရှိကြောင်း” ပဲကပ်ကြော်လုပ်ငန်းလုပ်ကိုင်သူ ဦမြင့်စိုးက ပြောကြားသည်။ သိန္နီမြို့နယ် ဒေသထွက်ပဲကပ်ကြော်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ လားရှိုးနှင့် အခြားမြို့ကြီးများသို့ လက်ဆောင်ပေးရန်အတွက် မှာယူအားပေးလျက်ရှိကြောင်းလည်း သိရသည်။

စောဥမ္မာ (သိန္နီ)