တောင်ကြီး စက်တင်ဘာ ၅
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာ(၄)ရက် နံနက် (၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၁၃၉ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၆)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၃)ဦး တက်ရောက်သဖြင့် ( ၈၈.၄၉ )% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် (တတိယနေ့) အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၀)ဦး မှ ကြယ်ပွင့်ပြမေးခွန်း (၁၂)ခု မေးမြန်းခြင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး များက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ် ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်တင့် နှင့် ဖယ်ခုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ရှမ်းပြည်နယ် လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါ်မေရီနျို့ က လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီးမှ ပြန်လည်ရှင်း၍ ရှမ်းပြည်နယ်ဒေသန္တရ စီမံကိန်းဥပဒေ(မူကြမ်း)အား လွှတ်တော်တွင် အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူ သဖြင့် မူကြမ်းအား အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို သီပေါ မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်း နှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်နန်းစမ်းစမ်းအေး နှင့် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရှမ်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်(ခ)ဦးအောင်မြတ် က လွှတ်တော်သို့ဖတ်ကြားရှင်းလင်းပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီးမှ ပြန်လည်ရှင်းလင်း၍ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)အား လွှတ်တော်တွင် အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူ သဖြင့် မူကြမ်းအား အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
၎င်းနောက် ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်စောအောင်က “ရှမ်းပြည်နယ် အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် ဈေးကွက်နှင့် ထုတ်ကုန် တိုးတက်ရေး ခိုင်မာသောဈေးကွက် ဖော်ဆောင်ရေး ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်း ကြောင်း” အဆို ကို မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ဦးစိုင်းနောင့် နှင့် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး တို့က ထောက်ခံဆွေးနွေးပြီး အဆိုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်မှ ပြန်လည်ဆွေးနွေးရှင်းလင်း၍ အဆိုကို အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် အဆိုကိုအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ယင်းနောက် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်နှစ်အလိုက် ကျောင်းစာကြည့်တိုက်များကို စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး စီမံချက်ရေးဆွဲပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုကို တပ်မတော်သား ပြည်နယ်လွှတ်တောက်ကိုယ်စားလှယ် ဗိုလ်ကြီးသက်ဦးစံ နှင့် ထောက်ခံဆွေးနွေးပြီး အဆိုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပြန်လည် ဆွေးနွေး ရှင်းလင်း၍ အဆိုကို အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုကိုအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်း ဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (တတိယနေ့) အစီအစဉ် ပြီးစီးကြောင်းနှင့် ရှမ်းပြည်နယ်လွှတ်တော်(၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ညနေ (၃:၂၀)နာရီတွင် ပြီးမြောက်ကြောင်း သိရှိရသည်။
ပြည်နယ် ပြန်/ဆက်