ရေဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ရေဖြူ စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရေဖြူမြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် နိုင်ငံရေး ပါတီဝင်များတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်ဇင်မာအောင်က နိုင်ငံရေး ပါတီဝင်များအနေဖြင့် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ဆောင်ရွက်မည့် နေ့ရက်များတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ချပြရှင်းလင်းပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီဝင်များက သိရှိလိုသည့် အချက်များကို မေးမြန်းရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ရေဖြူမြို့နယ်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း (၉)ပါတီရှိပြီး (၈)ပါတီကဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖြူဖြူရှိန်(ရေဖြူ)