ညောင်ဦး မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျေးလက်တောင်သူများ ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းများတွင်စိုက်ပျိုးထားသည့် သုံးလမြေပဲ(ခေါ်) ပင်ထောင်မြေပဲများ ဧရာဝတီမြစ်ရေမြင့်တက်လာခြင်းနှင့်အတူ စိုက်ခင်းများအတွင်း မြစ်ရေဝင်ရောက်လာမှုကြောင့် မြေပဲများနုတ်ချိန်မရောက်သေးပဲနုတ်သိမ်းနေရကြောင်း တောင်ရွာနောင်(တ)ကျေးရွာ သုံးလမြေပဲစိုက်ပျိုးတောင်သူများထံကသိရသည်။
ညောင်ဦးမြို့နယ် ဧရာဝတီမြစ်လယ်ကျွန်းကျေးရွာများ၊ မြစ်ကမ်းဘေးရှိကျေးရွာများသည် ဧရာဝတီမြစ်ရေကျချိန်ဖြစ်သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့တွင် ကောက်ပဲသီးနှံများ စိုက်ပျိုးကြကြောင်း၊ သုံးလမြေပဲခေါ်ပင်ထောင်မြေပဲလည်း စိုက်ပျိုးကြကာ သုံးလမြေပဲခေါ် ပင်ထောင်မြေပဲများအား ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် စိုက်ပျိုးခဲ့ကြကာ ဇွန်လပထမပတ်ထဲ တွင်နုတ်သိမ်းဖို့ရည်ရွယ်ထားခဲ့ကြသော်လည်း မေလဒုတိယပတ် မှစတင်ကာ ဧရာဝတီမြစ်ရေ မြင့်တက်လာကာစိုက်ခင်းများအတွင်း ဧရာဝတီမြစ်ရေဝင် ရောက်ခြင်းနှင့်အတူ သုံးလမြေပဲ ခေါ်ပင်ထောင်မြေပဲများ နုတ်သိမ်းချိန်မတန်သေးပဲ အရေးပေါ်နုတ်သိမ်းခဲ့ရကြောင်း တောင်ရွာနောင်(တောင်)ကျေးရွာ ဦးသန့်ဇင်ဦးကရှင်းပြသည်။ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သုံးလမြေပဲများ အချိန်မတိုင်မီနုတ်သိမ်းခဲ့ရသော်လည်း မြေပဲများ ဥဥနှုန်းအထူးကောင်းမွန်ခဲ့ကာ မြေပဲများရကြကြောင်း၊ မြစ်ရေဝင် ရောက်မှုမရှိပဲ နုတ်သိမ်းရပါက ပို၍မြေပဲရနိုင်ကြောင်း မြေပဲ စိုက်တောင်သူများကရှင်းပြသည်။
ကိုကြေးမုံ