ကွမ်းခြံကုန်း မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးရဲတင့် က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်း က နိုင်ငံတော်အနေဖြင့် အရွယ်ရောက်သူကလေးတိုင်း KG+9 အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး စီစဉ်ချမှတ် ဆောင်ရွက်လျက်ရှိပြီး အရွယ်ရောက်သူ ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ၊ ကျောင်းဝန်းကျောင်းပြင် သန့်ရှင်းရေး ကျောင်းအုပ်ကြီးများ၊ ဆရာ / ဆရာမများ၊ ကျောင်းသား မိဘများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ကလေးများ ကျောင်းသို့ရောက်အောင် ကူညီဆောင်ရွက်ပေးကြရန်တို့အား ပြောကြားပြီး အ-ထ-က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဆင့် က ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးရဲတင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်များကို ကျောင်းသား/သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)